Saturday 30 November 2013

ဝိညာဉ်အကြောင်း

ဝိညာဉ်မဟုတ်သော ပရလောကအကြောင်း (၁)
ယခု ရေးသားသော အဖြစ်အပျက်သည် စာရေးသူ နေခဲ့သော ကျောင်း တစ်ကျောင်းမှာ အမှန်တကယ် ဖြစ်ပျက် ခဲ့သော အဖြစ်အပျက်တစ်ခု ဖြစ်သည်၊ ထိုကျောင်းတိုက်သည် သုသာန်ဟောင်းကို ဖျက်ပြီး တည်ထောင် ထားသော ကျောင်းတစ်ကျောင်းဖြစ်သည်၊ ထိုသုသာန်နေရာကို ကျောင်းတိုက်တစ်ခုအဖြစ် အသွင်ပြောင်းဘို့ သုသာန် ပြောင်းရွေ့ သောအခါက ကောတိန်နာ ကားများ မသွားနိုင်အောင်ကို ဖြစ်ခဲ့ရသည်၊ “ မကျွတ်မလွတ်သော ပြိတ္တာများ တက်စီးကြသောကြောင့် ” ဟု ပြောကြသည်၊ မမြင်ရတော့ ယုံရခက်သည်၊ မယုံလို့လည်း မရပြန်၊ သက်ဆိုင်ရာ လူကြီးက “ ပြန်ဆင်းကြဦး၊ ကား မရွေ့ တော့ဘူး၊ နောက်တစ်ခေါက်မှ လိုက်ကြ ” ဟု အမိန့်ပေး ပြောကြားမှ ကား ပေါ့သွားပြီး ရွေ့ သွားနိုင်သည်၊ အခေါက်ပေါင်း များစွာ သယ်ယူ ပြောင်းရွေ့ ခဲ့ရသည်။

ကျောင်းတိုက်အဖြစ် စတင်တည်ထောင်တော့လည်း ခွေးနက်ကြီးတစ်ကောင်က ညည ဆိုလျှင် ကျောင်းဝန်းအတွင်းလှည့်လည် လျှောက်သွားနေသည်၊ နောက် သံဃာ အပါး (၃၀၀) လောက်ရှိလာမှ ထိုခွေးနက်ကြီး ပျောက်ကွယ်သွားသည်၊ ထိုခွေးနက်ကြီးသည် နွားသိုး အရွယ်ပဏာမ ရှိသည်၊ ထိုခွေးကြီး ပေါ်လာပြီဆိုလျှင် ကျန် သာမာန်ခွေးများမှာ ဆူညံနေအောင် အော်ဟစ် ဟောင်းကြသည်၊ ထိုကျောင်းတွင် စာရေးသူ ရောက်သော ပထမနှစ် ၀ါတွင်းအစ နှစ်လအတွင်းမှာပဲ စာရေးသူတို့ အတန်းမှ ကိုရင်နှစ်ပါး ပျံလွင်တော်မူသွားသည်။

ပထမ ကိုရင်အကြောင်းလေးကို ပြောပြချင်သည်၊ ကိုရင်သည် ၀ါဆိုလဆုပ် (၁) ရက်နေ့ ဖြေဆိုရမည့် ပထမဆုံးအပါတ်စဉ် စာမေးပွဲမှာ ပထမရချင်သည်၊ ထို့ကြောင့်ညက မအိပ်ပဲ စာကျက်ခဲ့သည်၊ နေ့ခင်း စားတော့လည်း ဒက်ညှင်းသီးများကို ငပိရည်နဲ့တို့စားခဲ့သည်၊ စာမေးပွဲဖြေဆိုနိုင်သည်၊ ညနေဘက်တွင် အောက်တန်းငယ်များ အတွက် စာစစ်သွားသည်၊ ညနေ ၅ နာရီလောက်မှာ စာစစ်ပြီးသည်၊ စာစစ်နေချိန်မှာ မိုးတွေ သည်းစွာ ရွာသွန်းနေသည်၊ မိုးလည်းရပ်သွားပြီ စာစစ်လို့လည်းပြီးပြီမို့ သူ့အဆောင်ပြန်လာတော့ စေတီဟောင်းဝန်း အတွင်းမှ ဖြတ်ပြန်လာခဲ့သည်၊ စေတီဝန်းထဲမှာ ကြွေပြားတွေခင်းကျင်းထားသည်၊ ထိုကြွေပြားများသည် မိုးရွာထားသဖြင့် ချော်နေသည်၊ ကိုရင်သည် ထိုအချက်ကို သတိမထားမိ၊ ချော်လဲ သွားသည်၊ တံမြက်စည်းလှည်းနေသောကိုရင်များလည်း ရှိသည်၊ ထိုကိုရင်များက ၀ိုင်းပြောင်လှောင် ရယ်မောကြသဖြင့် ကိုရင်မှာ ရှက်သွားသည်၊ ရှက်ရှက်နဲ့ချက်ချင်း ပြန်ထသည်၊ အမြန်ပြန်ထပြီး မူးဝေနေသည့်အရှိန်ကြောင့် ပြန်လဲကျသွားသည်၊ မထနိုင်တော့ပါ၊ ထိုအခါမှ အခြားကိုရင်များက လှောင်ပြောင်မှု့ကို ရပ်ပြီး ကိုရင်ကို ပွေ့ထူကြသည်၊ ခေါင်းတော်တော်လေး ထိသွားသဖြင့် ဆေးရုံုံုံ့ဘို့ လုပ်ကြသည်၊ ကျောင်းတိုက် ဒုတိယတာဝန်ခံ ဆရာသမားထံမှ ကားကို အသုံးပြုခွင့်တောင်းသည်၊ ဆရာသမားက ခွင့်မပြု၊ တက္ကစီငှါးပြီး သွားရသည်၊ တက္ကစီကမရှိသဖြင့် အခြားအဆောင်မှ ကိုရင်ရဲ့ သူငယ်ချင်းဆီက ငွေ (၃၀၀၀) ယူပြီးသွားသည်၊ (အများ ပြောကြတာတော့ သွေးတိုးပြီးလဲတာတဲ့၊ စာရေးသူကတော့ ကြွေပြားများ ချော်နေသဖြင့် လဲခြင်း ဖြစ်မည်ဟု ထင်မိသည်)။

မြို့နယ်ဆေးရုံက ဆေးရုံကြီးကို လွဲသဖြင့် ဆေးရုံကြီးကို ပြောင်းရသည်၊ ဆေးရုံကြီးရောက်တော့ ဆုံးသွားပါပြီ၊ ဦးနှောက်ထဲ သွေးဝင်သွားခြင်းကြောင့် ဖြစ်သည်၊ ညဘက် အောင်စာရင်းထွက်တော့ ကိုရင်သည် ပ/ ဒု/ တ မ၀င်ပါ၊ သူ့အတွက် ပထမ ပေးလိုက်ချင်သည်၊ စာရေးကသူတော့ ထိုအပါတ်စဉ်မှာ တတိယပဲ ရပါသည်၊ သူသေဆုံးပြီး ချိန်လောက်မှာပဲ ဆရာသမား၏ ကားထားသော ကားဂိုဒေါင်တံခါးကို တဒုန်းဒုန်းနဲ့ ဆွဲဖွင့် လှုပ်ရမ်းနေသည်၊ ဆူညံနေသော အသံကြောင့် ဆရာသမား၏ လက်ရုံးတပည့်များက ဆင်းကြည့်ကြသည်၊ သို့သော်လည်း အသံသာ ကြားနေရသည်၊ လူကို မတွေ့ရ၊ အားလုံး အံ့သြနေကြသည်၊ ထိုညက ကိုရင်သည် သူ့ရွာသားကို “ ငါ သီရိ အဆောင်က မောင်သြစီမှာ ငွေ (၃၀၀၀) ယူထားတယ်၊ မင်း အဲဒီအကြွေးကို ဆပ်ပေးပါ ” လို့ အိပ်မက် ပေးသည်၊ ကိုရင်ဆုံးသွားတာကိုလည်း သူ့ရွာသာ မသိသေးပါ၊ ဆေးရုံမှာ ဆုံးသော ကိုရင်သတင်းကို ဆေးရုံလိုက်ပို့သော ကိုရင်များပြန်လာမှ (မနက် ၄း၀၀ နာရီ) သိရသည်၊ ကျောင်းမှာ ဖြစ်ပျက်ခဲ့သည်များသည် ည ၁ နာရီဝန်းကျင်က ဖြစ်ပျက်ခဲ့သည်၊ ကိုရင် ဆေးရုံပို့ခဲ့တာက ညနေ ၇ နာရီ လောက်မှာ ဖြစ်သည်၊ ကိုရင် ငွေချေးယူသွားသော မောင်သြကိုလည်း သူ့ရွာသားလေးက မသိပါ။

မနက်လင်းတော့ ကိုရင်ဆုံးတဲ့အကြောင်းကို သူ့ရွာသားလေး သိသွားရှာသည်၊ ညက အိပ်မက်ကြောင့် သီရိအဆောင်ကို သွားပြီး “ ကိုသြ ရှိလား ” မေးရသည်၊ ကိုသြကိုတွေ့တော့ “ ကိုရင် ငွေ(၃၀၀၀) ချေးယူသွားတာ ဟုတ်လား ” လို့ မေးရပြန်သည်၊ ကိုသြက “ ဟုတ်တယ်၊ ဒါပေမဲ့ တပည့်တော် လှူလိုက်တာ၊ ချေးယူသွားတာ မဟုတ်ပါဘူး ” လို့ ပြောရှာသည်၊ သို့သော်လည်း ညက အိပ်မက်ကြောင့် ကိုသြလက်ခံနိုင်အောင်ပြောပြီး ငွေ(၃၀၀၀) ကို ပေးခဲ့ရသည်၊ ကိုရင် ဆုံးပြီး ၅ ရက်မြောက်နေ့မှာ မီးသဂြိုဟ် သည်၊ ကိုရင်သည် သူ့အဆောင်မှာ လမ်းလျှောက်လျှောက်နေတာကို တွေ့သူတွေ တွေ့ကြသည်၊ ခြေထောက်သာ မြင်ရပေမဲ့ အပေါ်ပိုင်းကို မမြင်ရ။

ကိုရင်၏ ၇ ရက်မြောက်ရက်လည်ကို မုန့်ဟင်းခါးကျွေးပြီး အမျှအတမ်းပေးဝေသည်၊ ထိုနေ့မှ စပြီး ကိုရင်နဲ့ပတ်သက်သော အကြောင်းအရာများကို မကြားရတော့ပါ၊ အားလုံး တိတ်ဆိတ်ငြိမ်သက် သွားသည်၊ ထိုအဖြစ်အပျက်များသည် စာရေးသူ၏ သူငယ်ချင်း ကိုရင်နဲ့ပတ်သက်ပြီး ဖြစ်ပျက်ခဲ့သော အကြောင်းအရာ များဖြစ်သည်၊ ထို ကျောင်းတိုက်သည် အစဉ်အမြဲ တစ်ခု မဟုတ် တစ်ခု ဖြစ်ပေါ်နေမြဲဖြစ်သည်၊ တစ်ရက်မှာ လည်း စာရေးသူတို့ စာကျက်ချိန်နားသဖြင့် အပေါ့သွားကြသည်၊ ထိုစဉ် အော်သံတစ်ခု ကြားလိုက်သဖြင့် အားလုံး ပြေးကြသည်၊ သပြေပင်အောက်မှာ ကျောင်းသားလေး ဖိုရှမ်း မေ့လျှက်သား လဲနေသည်၊ အားလုံး ပွေ့ထူပြီး ဆေးခန်းပို့ပေးရသည်၊ သတိပြန်ရလာတော့ ကျောင်းပြန်ခေါ်လာသည်၊ ကျောင်းရောက်ပြီး ဖိုရှမ်းလေး စိတ်ပုံမှန် ပြန်ဖြစ်တော့ “ ဘယ်လိုဖြစ်တာလဲ ” လို့ မေးကြည့်ကြသည်၊ ဖိုရှမ်းလေးက “ မိန်းမ တစ်ယောက် သပြေပင်ပေါ်က ဆင်းလာပြီး တပည့်တော် မျက်နှာကို သူ့လျှာ အရှည်ကြီးနဲ့ ပွတ်လိုက်တာ၊ တပည့်တော် လန့်သွားတယ်၊ ကျန်တာတော့ မသိတော့ဘူး ” လို့ ပြန်ပြောပြသည်။

နောက် အကြောင်းအရာတစ်ခုကို ဖတ်ကြည့်ကြပါစို့နော်၊ စာရေးသူ ပြောချင်သော အကြောင်းအရာပါ၊ စာရေးသူတို့ကျောင်းတွင် ကိုရင်လေးဆုံးစဉ်က ကားပေးမသုံးသော ဒုတိယတာဝန်ခံ မရှိတော့တဲ့အခါ ဒုတိယ တာဝန်ခံနေရာ ယူထားသော ဆရာသမား တစ်ယောက်၊ သူသည် ည ၁၂ နာရီဆိုလျှင် အပြင် ထွက်သူ ရှိ မရှိ ကျောင်းတိုက်ကို အနှံ့လိုက်လံ စစ်ဆေးသည်၊ နေ့စဉ်နေ့တိုင်း ပြုလုပ်နေကြ ဖြစ်သည်၊ တစ်နေ့မှာ စာရေးသူ နေသော အခန်းအနောက်ဘက်မှ သရက်ပင်ပေါ်တွင် ကိုရင်တစ်ပါးကို တွေ့လိုက်ရ သည်၊ ဆရာသမားသည် ကိုရင်ကိုတွေ့တော့ လက်နှိပ်မီးနဲ့ ထိုးကြည့်ပြီး “ ကိုရင် ဆင်းခဲ့၊ သစ်ပင် ပေါ်တက်ရင် နှင်ဒဏ်ဆိုတာကို မသိဘူးလား၊ ဖြေးဖြေးဆင်းခဲ့၊ လှိမ့်ကျနေဦးမယ်၊ နင့်ကို နှင်မထုတ်ဘူး၊ စိတ်ကို အေးအေးထား ဆင်းခဲ့ ” လို့ မှာသည်၊ မျက်စိတွေ ပြာသွားမှာ စိုးသဖြင့် မျက်နှာကို မီးနဲ့မထိုးပါ၊ ကိုရင်လည်း ဆင်းလာသည်၊ ဆရာသမားလည်း ကိုရင် မီးစူးမည်စိုးသဖြင့် လက်နှိပ်မီးနဲ့ မထိုးပဲ အသာလေး စောင့်နေသည်၊ ကိုရင်လည်း ဖြေးဖြေးချင်း ဆင်းလာသည်၊ အောက်ရောက်လို့ အတင်းပြေးသွားရင် ဘယ်သူ ဘယ်ဝါ မှန်း မသိလိုက်မည်စိုးသဖြင့် လက်နှိပ်မီးဖြင့် တစ်ချက် ထိုးကြည့်လိုက်သည်၊ ကိုရင်မှာ ခေါင်းဇောက်ထိုးဆင်းလာသည်၊ ခေါင်းမှာလည်း လည်ဂုတ်နဲ့ပြတ်နေသည်၊ ကိုရင်လို့သာ မြင်ရသည် ကိုယ်တစ်ခု ခေါင်းတစ်ခု၊ ဆရာသမားလည်း လန့်ဖျန့်သွားသည်၊ ဆရာသမားမှာ (၇) ရက်လောက် ဖျားသွားသည်၊ အဖျားပျောက်တော့လည်း အရင်လို ၁၂ နာရီအချိန်မှာ ကျောင်းလှည့်ခြင်း မလုပ်တော့ပါ။

အထက်ပါ အဖြစ်အပျက်များသည် စာရေးသူ ရှိစဉ် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များသာဖြစ်သည်၊ အမှန်တကယ်လည်း ဖြစ်ခဲ့သည့် ဖြစ်ရပ်များပင်၊ ထိုသို့သော အကြောင်းအရာကို ကြည့်လျှင် တမလွန်လောကဆိုတာ ရှိကြောင်း သိသာထင်ရှားလှသည်၊ တမလွန်လောကကို ရောက်သွားလျှင် အားကိုးစရာ မိဘမရှိပါ၊ မောင်နှမသားချင်း မရှိပါ၊ သူငယ်ချင်း မရှိပါ၊ ဆရာသမားမရှိပါ၊ ဆွေမျိုးမရှိပါ၊ ဘိုးဘွားများ မရှိပါ၊ မိမိပြုဘူးသော ကုသိုလ်ကံသာ အားကိုးရာ ရှိတော့သည်၊ တမလွန်လောကမှာ မြင့်မြတ်ချင်လျှင် အထက်တန်းကျချင်လျှင် အဆင်ပြေချင်လျှင် အေးချမ်းချင်လျှင် ယခုဘ၀က တည်းက ကုသိုလ်များ များများ စုထားနိုင်ကြဘို့လိုသည်၊ ကုသိုလ်ကောင်းမှု့ ပြုလုပ်ခြင်းသည် တမလွန်မှ အကျိုးပေးသည် မဟုတ်၊ ယခုဘ၀မှာပင် အေးချမ်းစွာ နေနိုင်ခြင်း အပြစ်ကင်း စိတ်ရှင်းစွာနေနိုင်ခြင်း အများချစ်ခင်ခြင်း စသော ကောင်းကျိုးများ ပေးနိုင် ခံစားနိုင်သည်၊ ထို့ကြောင့်
”ယခုဘ၀ရော တမလွန်ဘ၀မှာပါ အေးချမ်းဘို့ အဆင်ပြေဘို့ ရန်ကင်းဘို့ ဘေးကင်းဘို့ ကုသိုလ်များများ စုထားကြပါစို့ ” ဟု----------------------

No comments:

Post a Comment